ဆားခါးကို စိုက်ပျိုးရေးတွင်အသုံးချခြင်း
ဒီမနက်တော့ ဆားခါးရဲ့ ဘက်စုံအသုံးဝင်ပုံကိုမျှဝေပေးချင်ပါတယ်။ ဆားခါးကို Epsom Salt လို့ခေါ်ပြီး ဓာတု အမည်ကတော့ မဂ္ဂနီဆီယမ်ဆာလဖိတ်လို့ လည်းခေါ်ပါတယ်။ ဆားခါးမှာပါတဲ့ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာ ၂ မျိုးဟာ အပင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တွေဖြစ်ပါတယ်။ ဆားခါးကို မြေဩဇာအနေဖြင့်လည်းကောင်း၊ အသီးအပွင့်အားဆေးရည်နေဖြင့်လည်းကောင်း၊ သီးနှံဖျက်ပိုးတွေကိုကာကွယ်ရာတွင်လည်းကောင်း ဘက်စုံ အသုံးပြု့လို့ရပါတယ်။ ဆားခါးကို ပရဆေးဆိုင်တွေ၊ တိုင်းရင်းဆေးဆိုင်တွေနဲ့ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိ နိုင်ပါတယ်။
ဆားခါးကို မြေဩဇာအဖြစ်သုံးစွဲခြင်း
မြေဩဇာအဖြစ်အသုံးပြုမယ်ဆိုရင်တော့ မိမိစိုက်ပျိုးထားတဲ့ အပင်ပေါ်မူတည်ပြီး နှုန်းထားအမျိုးမျိုးနဲ့ ကျွေးနိုင်ပါတယ်။ ဥပမာအနေဖြင့် -
အပင်ကြီးများ (၉ ပေပတ်လည် မြေနေရာအတွက် ဆားခါး ဟင်းစားဇွန်း ၂ ဇွန်း ၂၅ဂရမ်ခန့် ကို ၁နှစ် ၃ ကြိမ်ခန့် ကျွေးပေးပါ)
အုန်းပင် (အပင်ကြီးများအတွက် ၁ပင်လျှင် ၂၀၀ ဂရမ်နှုန်းနှင့် အပင်ငယ်များအတွက် ၁ပင်လျှင် ၁၀၀ ဂရမ်နှုန်း ကို ၁ နှစ်လျှင် ၃ ကြိမ်ကျွေးပေးပါ)
ချုံနွယ်အုပ်စုဝင်အပင်များ (၉ ပေ ပတ်လည် မြေနေရာအတွက် ဆားခါး ဟင်းစားဇွန်း ၁ ဇွန်းကို ၃-၄ ပတ်တစ်ကြိမ်ခန့် ကျွေးပေးပါ)
အလှစိုက်မြက်ခင်းများ (၁၂၅၀ ပေ ပတ်လည် မြေနေရာအတွက် ဆားခါး ၃ ပေါင်ခန့်ကို ရေတွင်ဖျော်၍ ဆေးဖျန်းပုံးဖြင့် ပက်ဖျန်းပေးပါ)
နှင်းဆီပင်များ (အမြင့် ၁ ပေခန့် နှင်းဆီပင်များကို ၂ပင်လျှင် ဆားခါးဟင်းစားဇွန်း ၁ ဇွန်း ၁၅ဂရမ်ခန့် ကို ၂ ပတ်တစ်ကြိမ် ကျွေးပေးပါ)
အိမ်အလှဆင်အပင်များ (ဆားခါးဟင်းစားဇွန်း ၂ ဇွန်း ၂၅ဂရမ်ခန့် ကို ရေ တစ်ဂါလံတွင် ဖျော်၍ ၁ လ ၁ကြိမ် လောင်းရေနှင့်အတူ ကျွေးပေးပါ)
ခရမ်းချဉ်/ငရုတ်ပင်များ (အမြင့် ၁ ပေခန့် ခရမ်းချဉ်ပင်များကို ၁ပင်လျှင် ဆားခါးဟင်းစားဇွန်း ၁ ဇွန်းကို ၂ ပတ်တစ်ကြိမ် ကျွေးပေးပါ)
မိမိစိုက်ပျိုးထားတဲ့ အပင်အရွယ်အစား၊ မြေနေရာပေါ်မူတည်ပြီး ချင့်ချိန်သုံးစွဲနိုင်ပါတယ်။
အသီးအပွင့်အားဆေးရည်အဖြစ်သုံးစွဲခြင်း
ဆားခါးပျော်ရည်ဟာ မဂ္ဂနီဆီယမ်ဓာတ်များများလိုအပ်တဲ့ နှင်းဆီ၊ ငရုတ်၊ ခရမ်းချဉ်ပင်တို့ကို ပက်ဖျန်းပေးရင် အသီးအပွင့်ပိုထွားလာသလို အရောင်လဲပိုလှလာပါတယ်။
အိုးနဲ့ စိုက်ပျိုးထားတဲ့ ပန်းပင်တွေအတွက်ဆို ရေတဂါလံမှာ ဆားခါး စားပွဲတင်ဇွန်း နှစ်ဇွန်းထည့်ပြီး ဖျော်စပ်ပြီး တလမှာ တခါလောက် ဖျန်းပေးနိုင်ပါတယ်။ ,
ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာ ရေတဂါလံမှာ ဆားခါး စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီးဖျော်စပ်ပြီး ရွက်ဖျန်း အနေနဲ့ ဖျန်းပေးမယ်ဆိုရင် စိုက်ခင်းဟာ စိမ်းလန်းစိုပြေ အထွက်ကောင်းစေပါမယ်။
ဖျက်ပိုးကာကွယ်ရန်အသုံးပြုခြင်း
ဆားခါးကို ဖျက်ပိုးကာကွယ်ရန်အတွက်သာမက မိမိဥယျာဉ်ခြံမှာ ပိုးများကျနေပါကလည်း ထိသေပိုးသတ်ဆေး အဖြစ်ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
ဆားခါး ဟင်းစားဇွန်း ၄ဇွန်း ၅၀ဂရမ်ခန့်နှင့် ရေ(၅)ဂါလံရောစပ်ပြီး ရေနှင့်ဆားခါးအရောကို ပုံးအကြီး ကြီးထဲတွင်ထည့်ပြီး ဆားခါးများ ကောင်းစွာပျော်ဝင်အောင်ဖျော်ပါ။ ဖျော်ထားသော ဖျော်ရည်ကို ဖျန်း စက်ဖြင့်အရွက်များအပေါ်သို့ဖျန်းပေးခြင်းဖြင့် ဖျက်ပိုးများကိုကာကွယ်နိုင်ပါတယ်။
မိမိတို့၏ စိုက်ဘောင်စိုက်ခင်းများ၊ ပျိုးခင်းများ၊ အိုးနဲ့စိုက်ထားတဲ့အပင်ဝန်းကျင်တွင် ဆားခါးများကို လိုက်လံ ဖြူးပေးထားခြင်းကလည်း ပိုးမွှားများကို အတော်အသင့်ကာကွယ်နိုင်ပါတယ်။
စိုက်ပျိုးသောနေရာ သီးနှံ့အလိုက် ချင့်ချိန်သုံးစွဲရန်လိုအပ်ပါတယ်ခင်ဗျာ။ ကုန်ကျစရိတ်သက်သာပြီး အလွယ်ပြု လုပ်လို့ရလို့ စမ်းသပ်သုံးစွဲကြည့်ကြပါခင်ဗျ။ အဆင်ပြေကြပါစေ။
မူရင်းဆရာအားcredit ပေးပါသည်။
Aunty Gyi Farming and Agricultural Products
#auntygyifarming
#စိုက်ပျိုးမွေးမြူရေး
#highlight
#ဆားခါး
#photocredit

No comments:
Post a Comment